Tuesday 20 July 2010

Election

ငွေရှိသူနှင့်အာဏာရှိသူကို ဦးစားပေးမည့် ရွေးကောက်ပွဲ

NEJ / ၂၀ ဇူလိုင် ၂၀၁၀ နအဖစစ်အစိုးရ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေများတွင် ပါတီမှတ်ပုံတင်ကြေး (၃) သိန်းပေးရမည်ဟု သတ်မှတ်ထားတယ်။ ပါတီတခုလုံး တည်ထောင်မည့်သူသည် ကျပ်ငွေ (၃) သိန်းပေးရန် ၀န်လေးမည်မဟုတ်ပါ။ ပြဿနာမှာ ရွေးကောက်ပွဲဝင်ကြေးဖြစ်၏။ ၀င်ရောက်ယှဉ်ပြိုင်သူတဦးလျှင် ရွေးကောက်ပွဲကြေး (၅) သိန်းပေးရမည်ဟု သတ်မှတ်ထားသဖြင့် လူ (၁၀၀) ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီသည် သိန်း (၅၀၀) ပေးရမည်ဖြစ်သည်။ ပြိုင်ဆိုင်နိုင်သော လွှတ်တော်ကိုယ်စားလှယ် (၃၂၀) နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်ပါတီသည် ရွေးကောက်ပွဲကြေး ကျပ်သိန်း (၁,၆၀၀) ပေးရပေလိမ့်မည်။ ငွေအလုံအလောက်မရှိသော ပါတီသည် နေရာတိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည်မဟုတ်ပါ။ ကောင်းရောင်းကောင်းဝယ်လုပ်စား၍ မချမ်းသာဘဲ နအဖနှင့်ရင်းနှီးမှ ချမ်းသာသောတိုင်းပြည်တွင် အရည်အချင်းရှိသော်လည်း ငွေမရှိပါက ရွေးကောက်ပွဲ ၀င်နိုင်မည်မဟုတ်ပါ။ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတဦးသည် ရွေးကောက်ပွဲအသုံးစရိတ်အဖြစ် သိန်း (၁၀၀) အထိ သုံးစွဲနိုင်သည်ဟု ပါတီမှတ်ပုံတင်ဥပဒေက သတ်မှတ်ထား၏။ ကိုယ်စားလှယ်လောင်း (၃၂၀) တွင် တဦးကို သိန်း (၁၀၀) သုံးစွဲပါက သိန်းပေါင်း (၃၂,၀၀၀) ကုန်ကျနိုင်ပေသည်။ ဤငွေကို နအဖအစိုးရက ဖွဲ့စည်းထားသော ကြံ့ဖွံ့ပါတီကသာ သုံးနိုင်ပေမည်။ အင်ဒိုနီးရှား အာဏာရှင်ဆူဟာတို၏ Golkar ပါတီကဲ့သို့ ကြံ့ဖွံ့ပါတီက လက်ဝါးကြီးအုပ်ရန် ကြံစည်ခြင်းပင်ဖြစ်သည်။ Golkar ပါတီကို ယှဉ်ပြိုင်လာပါက စစ်တပ် (သို့မဟုတ်) အရပ်သားလူမိုက်အဖွဲ့က ရှင်းပစ်၏။ အခွင့်အရေးပေးမှု၊ စည်းရုံးမှု၊ ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုများဖြင့် Golkar ပါတီသည် ရွေးကောက်ပွဲတိုင်း၌ အများစုမဲကို ရရှိခဲ့၏။ နအဖတည်ထောင်သော ကြံ့ဖွံ့ပါတီလည်း ဤလမ်းကိုလျှောက်ရန် ပြင်ဆင်နေပေသည်။ နိုင်ငံရေးခံယူချက် မပြည့်ဝသောပါတီသည် ဆန္ဒမဲရရန် ငွေပေးဖို့ဝန်မလေးပါ။ ကြံ့ဖွံ့ပါတီသည် အာဏာရရှိရေးသာ အဓိကထားသော အဖွဲ့အစည်းဖြစ်သဖြင့် မက်လုံးအမျိုးမျိုးပေးကာ ထောက်ခံမဲရရန် စည်းရုံးရေး ဆင်းနေခြင်းဖြစ်၏။ လူနည်းစုချမ်းသာ၍ လူများစုဆင်းရဲနေသော မြန်မာပြည်သည် မဲရောင်းဝယ်သည့် အကျင့်ဆိုး ရှင်သန်ကြီးထွားနိုင်သော နေရာပင်ဖြစ်သည်။ အာဏာရ နအဖစစ်အစိုးရက ပါတီတည်ထောင်၍ မဲဝယ်ရန် ဗြောင်ကြိုးပမ်းနေခြင်းသည် ရွေးကောက်ပွဲကို မထီလေးစားလုပ်ခြင်းပင်ဖြစ်ပေသည်။ တိုင်းပြည်တွင် ခေါင်ကမိုးမလုံသောအခါ တပြည်ထောင်လုံး စည်းပျက်ကမ်းပျက် အကျင့်ပျက်တွေဖြစ်လာ၏။ သိက္ခာသမာဓိကင်းမဲ့သော စစ်ဗိုလ်ဟောင်းများအနေဖြင့် ငွေရှိမှမဲရမည်ကို သဘောပေါက်ပုံရသည်။ အမိန့်နာခံ၍ ရသမျှခိုးဝှက်နေသော ကြံ့ဖွံ့ပါတီဝင် စစ်ဗိုလ်ဟောင်းသည် လူထုခေါင်းဆောင်ဖြစ်ရန် အလားအလာမရှိပါ။ ထို့ကြောင့် မသမာသောနည်းဖြင့် ရွေးကောက်ပွဲအနိုင်ရအောင် ကြိုးပမ်းမည်မှာ သေချာသည်။ ကချင်ပြည်နယ် ဟူကောင်းတောင်ကြားသို့ ကြံ့ဖွံ့အဖွဲ့ဝင် (၁) သိန်းစေလွှတ်ရန် စီစဉ်ထားသည်ဟု ဇူလိုင် (၁၅) ရက်ထုတ် ကချင်သတင်းစဉ်က ဖော်ပြသည်။ ဤကြံ့ဖွံ့များသည် ကြံ့ဖွံ့ပါတီကိုမဲပေး၍ ကချင်ပြည်နယ်၌ စီးပွားရေးလုပ်ကြမည်ဟုဆိုသည်။ရွေးကောက်ပွဲရလဒ်သည် မဲဆန္ဒရှင်တို့၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်သင့်သည်။ ငွေရှိသူနှင့် အာဏာရှိသူတို့၏ အလိုဆန္ဒအတိုင်း မဲဆန္ဒပေးခြင်းသည် ရွေးကောက်ပွဲစနစ်ကို ပျက်ရယ်ပြုရာရောက်ပေသည်။ မဲဆန္ဒရှင်များ အနှောင့်အယှက်ကင်းရှင်းစွာ မကြောက်မရွံ့ လွတ်လွတ်လပ်လပ် မဲပေးနိုင်ရန်အတွက် လျှို့ဝှက်မဲပေးစနစ်ကို တီထွင်ထားခြင်းဖြစ်ပေသည်။ ဗြောင်မဲပေးစနစ် ကျင့်သုံးစဉ်ကမူ မဲကိုဗြောင်ဝယ်ကြ၏။ မဲရောင်းသူသည် မဲဝယ်သူကို ထောက်ခံမဲပေး၏။ မဲဆန္ဒရှင်ကို ကုန်ပစ္စည်းကဲ့သို့ သဘောထားခြင်းဖြစ်သည်။ (၁၉) ရာစု အင်္ဂလိပ်ပါလီမန်ရွေးကောက်ပွဲတွင် ဗြောင်မဲပေးစနစ်ကျင့်သုံး၍ မဲဆန္ဒကို ဗြောင်ရောင်းဝယ်ကြသည်။ မဲဈေးနှုန်းကို မဲရုံအပြင်တွင် ကပ်ထားပြီး ဈေးနှုန်းအတက်အကျကိုလည်း ဖော်ပြပေသည်။ (၂၀) ရာစုအစောပိုင်း၌ ကျင်းပသော အမေရိကန်ကွန်ဂရက် လွှတ်တော် ရွေးကောက်ပွဲတွင်လည်း ဗြောင်မဲဝယ်ကြသည်။ အမေရိကန်နိုင်ငံရေးကို နားမလည်သော လူနည်းစုများ၏ မဲကို (၁) မဲလျှင် (၅) ဒေါ်လာဖြင့် ၀ယ်ယူကြကြောင်း သိရသည်။ဗြောင်မဲပေးစနစ်တွင် မည်သူကမည်သူ့ကို မဲပေးသည်ကို သိရှိနိုင်သဖြင့် မဲအရောင်းအ၀ယ် လုပ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် မဲရောင်းဝယ်မှု ပျောက်ကွယ်စေရန်ရည်ရွယ်၍ လျှို့ဝှက်မဲပေးစနစ် တီထွင်လိုက်ခြင်းဖြစ်ပေသည်။ သို့သော်လည်း ဆင်းရဲသူ ဆင်းရဲသားများပြား၍ နိုင်ငံရေးအသိဉာဏ်နည်းပါးသော နေရာဒေသများတွင် မဲရောင်းဝယ်မှု ရှိနေဆဲပင်ဖြစ်သည်။ လျှို့ဝှက်မဲပေးစနစ်၌ မဲရောင်းဝယ်မှုသည် တရားမ၀င်သော လုပ်ရပ်ဖြစ်သော်လည်း မဲဝယ်သူရှိနေသဖြင့် မဲရောင်းသူရှိနေခြင်း ဖြစ်၏။ ချမ်းသာသော အနောက်တိုင်းဒီမိုကရေစီနိုင်ငံများနှင့် မြောက်အမေရိကတိုက်တွင် မဲရောင်းဝယ်မှု မရှိတော့သည်မှာ ကြာပြီဖြစ်သော်လည်း တိုးတက်ဖွံ့ဖြိုးစနိုင်ငံများတွင် ဆက်လက်ကျင့်သုံးနေဆဲဖြစ်သည်။ အာရှ၌ ဖိလစ်ပိုင်၊ ထိုင်းနှင့် ထိုင်ဝမ်သည် မဲရောင်းဝယ်ရာတွင် နာမည်ကြီး၏။ တောင်အမေရိကတွင်မူ ဘရာဇီးနှင့်မက္ကဆီကိုသည် မဲရောင်းဝယ်ရာတွင် ထင်ရှားကြသည်။ နိုင်ငံသားတိုင်းသည် မဲဆန္ဒကို တန်ဖိုးထားတတ်သည်မဟုတ်သဖြင့် အလွယ်တကူ ရောင်းစားခြင်းဖြစ်သည်။ ရွေးကောက်ပွဲဥပဒေ မည်သို့ပင်ဖြစ်စေကာမူ မဲရောင်းဝယ်မှုကို မဟန့်တားနိုင်ပါ။ ကျေးဇူးခံ ကျေးဇူးစားဓလေ့နှင့် ဆရာတပည့် ဆက်ဆံရေးစနစ် ခေတ်စားသော အာရှနိုင်ငံများတွင် ငွေပေးသူကို ထောက်ခံမဲပေးခြင်းသည် တလုပ်စားဖူးသူ့ကျေးဇူးဆိုသော သဘောပင်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ၁၉၉၆ ထိုင်းနိုင်ငံ ရွေးကောက်ပွဲ၌ မဲဆန္ဒ (၃၀) ရာခိုင်နှုန်းကို ၀ယ်ယူနိုင်ကြောင်း သိရ၏။ အိမ်ထောင်စုတစုကို (၂၇) ဒေါ်လာနှုန်းနဲ့ မဲဝယ်ယူခြင်းဖြစ်၏။ ၂၀၀၁ ထိုင်းရွေးကောက်ပွဲ၌ ဒေါ်လာသန်း (၄၆၀) ကျော်သုံး၍ မဲဝယ်ကြကြောင်း သိရသည်။ မဲဈေးနှုန်းသည် ဆင်းရဲချမ်းသာကိုလိုက်၍ ကွဲပြားကြသည်။ မနီလာမြို့တော်မှ ဆင်းရဲသားရပ်ကွက်၌ မဲတမဲ (၁) ဒေါ်လာဈေးရှိသော်လည်း ထိုင်ဝမ်၌ ဒေါ်လာ (၆၀) အထိရှိသည်။ ထိုင်ဝမ်လွှတ်တော် ကိုယ်စားလှယ်တဦးသည် ဒေါ်လာ (၃) သန်းအထိ အကုန်ကျခံကြောင်း သိရ၏။ ဒေသဆိုင်ရာ ယဉ်ကျေးမှုဓလေ့ကိုလိုက်၍ မဲဆန္ဒရောင်းဝယ်မှု ပုံစံပြောင်းလဲနိုင်ပေသည်။ ငွေပေး၍ မဲဝယ်ယူသော နည်းအမျိုးမျိုးရှိသည်။ ငွေကိုကြိုတင်လက်ခံ၍ ငွေပေးသူကို ထောက်ခံမဲပေးသော နည်းမှာ အရှင်းဆုံးဖြစ်သည်။ ငွေလက်ငင်းပေးက ထောက်ခံမဲ လက်ငင်းရမယ်ဆိုသော ရော့ပတ္တမြား ရော့နဂါးနည်းဖြစ်သည်။ ရွေးကောက်ပွဲနှင့်ပတ်သက်သော အလုပ်များကိုခိုင်းစေပြီး လုပ်ခပေးခြင်းအားဖြင့်လည်း မဲဝယ်နိုင်သည်။ ဥပမာ ပိုစတာကပ် ကြော်ငြာဝေ စသည်များကို လုပ်ခိုင်းပြီး အခကြေးငွေပေးခြင်းဖြစ်၏။ လက်ဆောင်ပေးခြင်းအားဖြင့်လည်း မဲဝယ်နိုင်သည်။ လက်ဆောင်လက်ခံသူသည် ထောက်ခံမဲပေးလိမ့်မည်ဆိုသော မျှော်လင့်ချက်ဖြင့် လက်ဆောင်ပေးလေ့ရှိ၏။ လက်ဆောင်ပေးသည့်ဓလေ့ ရင့်သန်သော ဂျပန်နှင့်ထိုင်ဝမ်တွင် လက်ဆောင်ပေး၍ မဲဝယ်သည်ကို မည်သူမှအပြစ်မမြင်ကြပါ။ လက်ဆောင်ပေးနည်းတွင် အသိမိတ်ဆွေနှင့် ဆွေမျိုးသားချင်းများကို မဲကိုယ်စားလှယ်အဖြစ် အသုံးပြုလေ့ရှိသည်။ ထိုင်ဝမ်နှင့်ထိုင်းတွင် ဤနည်းကို အသုံးများ၏။ ရပ်ကွက်၌ သြဇာတိက္ကမရှိသော ပုဂ္ဂိုလ်ကတဆင့် မဲဝယ်ကြခြင်းဖြစ်၏။ ထိုင်ဝမ်တွင် မဲကိုယ်စားလှယ်များသည် တအိမ်တက်ဆင်း စည်းရုံးရေးဆင်းသောအခါ၌ လက်ဆောင်ပေးကြသည်။ လက်ဆောင် လက်မခံသော မဲဆန္ဒရှင်ကို ဆန့်ကျင်မဲပေးမည့်သူအဖြစ် မြင်တတ်ကြသည်။ ထို့ကြောင့် လူမှုဆက်ဆံရေး ကောင်းမွန်ရန် လက်ဆောင်လက်ခံရတာဟု ဆင်ခြေပေးသူလည်း ရှိသည်။ မဲဝယ်သောအလုပ်ကို ပါတီအောက်ခြေစည်းရုံးရေးမှူးများက လုပ်ကြသည်။ ဒေသခံစည်းရုံးရေးမှူးသည် မဲဆန္ဒရှင်များကို အရက်တိုက်၊ ထမင်းကျွေး၊ လိုအပ်သည်များကိုဝယ်ပေး စသဖြင့် ရွေးကောက်ပွဲမတိုင်မီကတည်းက ကိုယ့်ဘက်ပါအောင် လုပ်လာတာမျိုးရှိသလို ရွေးကောက်ပွဲနီးကာမှ ငွေပေးပြီး မဲဝယ်တာမျိုးလည်းရှိသည်။ စည်းရုံးရေးမှူးများသည် ၎င်းတို့ ရပ်ကွက်အကြောင်း ကောင်းစွာသိသူဖြစ်၏။ ဤပုဂ္ဂိုလ်များကသာ အရပ်သူအရပ်သားကို နည်းမျိုးစုံသုံးပြီး ဆွဲဆောင်နိုင်ခြင်း ဖြစ်သည်။ ထိုင်ဝမ်နှင့် ထိုင်း ရွေးကောက်ပွဲများမှာ ရပ်ကွက်စည်းရုံးရေးမှူးများကိုသာ အသုံးပြုကြသည်။ မြန်မာစစ်ဗိုလ်သည် နိုင်ငံရေး စည်းရုံးရေး ဆင်းတတ်သူမဟုတ်သဖြင့် အောက်ခြေမှ ဒေသခံအရပ်သားများကိုသာ ငွေပေး၍ ခိုင်းမည်မှာ သေချာ၏။ မဲရောင်းရာတွင် ဆင်ခြေအမျိုးမျိုးပေးလေ့ရှိသည်။မဲဝယ်သည်ကို လျော်ကြေးပေးသည့်သဘောဖြင့် လက်ခံကြသည်များလည်းရှိ၏။ နိုင်ငံရေးသမားများ ခိုးဝှက်ထားသော ငွေသည် ရွေးကောက်ပွဲကာလတွင် ပြည်သူ့လက်ထဲ ပြန်ရောက်သည်ဟု မြင်သူလည်းရှိသည်။ ဖိလစ်ပိုင်မှ ရွာသူရွာသားများကမူ အစိုးရအာဏာပိုင်များ၏ငွေကို ရယူနိုင်သော အခွင့်အရေးဟု ယူဆ၍ မဲရောင်းစားကြ၏။ ရွေးကောက်ပွဲ ရာသီရောက်မှသာ ပြည်သူများကို လေးလေးစားစားဆက်ဆံသည်ဟု မြင်ကြသူလည်းရှိသည်။ ထိုင်ဝမ်တွင် မဲရအောင် လက်ဆောင်ပေးသူကို သဘောကောင်းသူအဖြစ် မြင်ကြသည်။ သို့သော်လည်း ဖိလစ်ပိုင်ပညာတတ် မြို့နေလူတန်းစားများက မဲဝယ်မှုကို စော်ကားသည့်အပြုအမှုအဖြစ်မြင်၏။ ဆန္ဒမဲရောင်းစားခြင်းသည် မိမိ၏နိုင်ငံရေးခံယူချက်ကို ရောင်းစားခြင်းဖြစ်သည်ဟု မြင်ကြသည်။ မဲဝယ်သည်ကိုလက်မခံ၍ ခြိမ်းခြောက်တတ်၏။ Nigeria နိုင်ငံတွင်မူ မဲဝယ်သူကို အင်အားကြီးမားသူအဖြစ်မြင်ကြပြီး အထင်ကြီးကြသည်။ မြန်မာပြည်တွင် မဲရောင်းဝယ်မှုနှင့်ပတ်သက်၍ ပြည်သူ့သဘောထားကို စုံစမ်းမေးမြန်းရန် အချိန်တန်ပြီဖြစ်ပေသည်။






Ngephesizo

Ngephesizo



Levu, in Sweden


ကျတော်၏ နိုင်ငံရေး အမြင်

ဦးစွာပထမ ၂၀၁၀ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ကျတော့်အမြင်ကို ဒီိနေရာမှာ တင်ပြချင်ပါတယ်။ တိုင်းရင်းသားလူမျိုးများသည် ဘယ်ချိန်ကစ၍ ဗမာလူမျိုးများ၏ အုပ်ချုပ်ခံဘဝသို့ ဘာကြောင့်ကျရောက်ခဲ့သည်ကို တစေ့တစောင်း ပြန်ကြည့် ကြည့်ရအောင်။ မြန်မာ့သမိုင်းမှာ သင် ဘူး သည်မှာ ဗမာဘုရင်သီပေါမင်းကို ကိုလိုနီအင်္ဂလိပ်နယ်ချဲ့တို့က မန္တလေးနေပြည်တော်မှ အိန္ဒိယနိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားသည့် နေ့( ပါတော်မူနေ့ )ကို မြန်မာတနိုင်ငံလုံး အင်္ဂလိပ် လက်အောက်သို့ ကျရောက်ခဲ့သည့် နေ့ ဟုသင်ရသည်။ ချင်းပြည်နယ် ဟုခေါ်သော ချင်းလူမျိုးများနေထိုင်ရာဒေသကို အင်္ဂလိပ်နယ်ချဲ့တို့က ၁၈၉၆ခုနှစ်တွင်သိမ်းပိုက်သည် ဆိုသည်။ အဲဒီခေတ် အဲဒီခါတုန်း က မြန်မာနိုင်ငံဆိုလို့ မရှိသေးပေ။ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့တို့က ဗမာလူမျိုးများနေထိုင်ရာဒေသ၊ ချင်း၊ကချင်၊ရှမ်း စသည့်လူမျိုးများ နေထိုင်ရာတောင်တန်း ဒေသများကိုတချိန်တည်း၌ သိမ်းပိုက်ခဲ့သည်မဟုတ်ပါ။ သီးခြားဆီ သိမ်းပိုက်ခဲ့တာဖြစ်ပါသည်။ ကိုလိုနီလက်အောက်သို့ မကျမှီ တိုင်းသားလူမျိုးများသည်လည်း ဘယ်လူမျိုးများ၏ လက်အောက်သို့ မျှမကျခဲ့ဘူးပါ။

ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်ထီးကိုယ့်နန်း နဲ့ အုပ်ချုပ်ကြတာဖြစ်သည်။ ဗမာလူမျိုးများက တိုင်းရင်းသားလူမျိုးများကို အုပ်ချုပ်ခဲ့ခြင်းမျိုး မရှိခဲ့ဘူးပါ။ ဗမာလူမျိုးဆိုတာက သီးခြားလူမျိုးစုတစ်စုသာဖြစ်တယ်။ လူမျိုးမတူ၊ဘာသာစကားမတူ၊ဘာသာမတူ၊ယဉ်ကျေးမှုခြင်းခြားနားသော တိုင်းရင်း လူမျိုးများနှင့် ရေနှင့် မီးလို ကွာခြားနေသည်ကို အင်္ဂလိပ်ကိုလိုနီနယ်ချဲ့များကလည်း ကောင်းကောင်းသိထားလို့ တောင်တန်းဒေသနှင့် မြေပြန့်ဒေသ ကို ပူးတွဲမအုပ်ချုပ်ဘဲ သီးခြားအုပ်ချုပ် ခဲ့တာဖြစ်တယ်။ သွေးခွဲအုပ်ချုပ်တယ်ဆိုတာ မမှန်ပါ။ သွေးမစပ်၊လူမျိုးမတူသော လူမျိုးများ ဖြစ်ကြသောကြောင့် သီးခြားအုပ်ချုပ်ခဲ့ခြင်း ဖြစ်တယ်။ အင်္ဂလိပ်ကိုလိုနီ အုပ်ချုပ်ရေး စနစ်ကို ဗမာလူမျိုးများက မကြိုက်သလို တောင်တန်းဒေသများကလည်း မနှစ်သက် ကြပါ။ဒါကြောင့် ကိုလိုနီအုပ်ချုပ်ရေး စနစ်ဆိုးကြီးကို ရရာလက်နက်စွဲကိုင်၍ တော်လှန်ခဲ့တာဖြစ်တယ်။

ပြည်သူတရပ်လုံး၏ ကြိုးပမ်းမှုကြောင့် လွတ်လပ်ရေးရရှိရန် အလားအလာကောင်းလာသောအခါ ဗိုလ်ချုပ်အောင်းဆန်းသည် နိုင်ငံရေး အမြော်အမြင်ကြီးမားသူ ဖြစ်သည့်အားလျော်စွာ တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ကောင်းကောင်းကြီးသိခဲ့သူဖြစ်သဖြင့် ဗမာလူမျိုးများနှင့်အတူ လွတ်လပ်ရေး ရယူရန် တိုင်းရင်းသားခေါင်းဆောင်ကြီးများကို စည်းရုံးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် စိတ်ရင်းစေသနာနှင့် တောင်တန်းဒေသများ ကိုလည်း ဗမာလူမျိုးများကဲ့သို့ လွတ်လပ်ရေးရရှိစေချင်သည်မှာ ယုံမှားစရာမရှိပါ။ အောင်ဆန်း အက်တလီ စာချုပ်ချုပ်ဆိုသည့်အခါ တိုင်းရင်းသာဒေသများ ပါဝင် ရေးမပါဝင်ရေးသည် အဓိက ကဏ္ဍမှာပါဝင်ခဲ့သည်။ ထိုကြောင့်ဗိုလ်ချုပ်အောင်ဆန်းသည် လန်ဒန်မှ ဗမာပြည်သို့အမြန်ပြန်လာပြီး ပင်လုံညီလာခံကို အမြန်ဆုံးခေါ်ယူကျင်းပခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေး ရရှိရေးအတွက် တိုင်းရင်းသားခေါင်းဆောင်များ၏ ထောက်ခံချက်သည် အလျှင်စလို လိုအပ်နေသည်။ ပင်လုံစာချုပ်၏ အဓိကအချက်မှာ လွတ်လပ်ရေးရရှိလျှင် နိုင်ငံရေးအရ တန်းတူရည်တူ အခွင့်အရေးရ ရှိရမည်ဟု ဖြစ်သည်။ နိုင်ငံရေးအရ တန်းတူ အခွင့်အရေးမရှိပါက အချိန်မရွေး ခွဲထွက်နိုင်သည်ဟု ဖြစ်ပြန်တယ်။ပင်လုံစာချုပ်တွင် တိုင်းရင်းသား ခေါင်းဆောင်များ လက်မှတ်မထိုးခဲ့ပါက အင်္ဂလိပ် အစိုးရက တောင်တန်းဒေသများကို ချန်ထားပြီး မြေပြန့်ဒေသကိုသာ လွတ်လပ်ရေး ပေးရမှာဖြစ်သည်။ ချင်း၊ကချင်၊ရှမ်း ခေါင်းဆောင်ကြီးများ ပင်လုံ၌ မြေပြန့်နှင့်အတူ လွတ်လပ်ရေး ရယူရန်လက်မှတ်ရေးထိုးခဲ့ကြသောကြောင့်သာလျှင် မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများတစ်ချို့ လုပ်ကြံခံခဲ့ခြင်းသည် ဗမာလူမျိုးများအတွက် သာမကဘဲ တိုင်းရင်းသား လူမျိုး များအားလုံးအတွက်ပါ မဟာဆုံးရှုးံမှုကြီး ဖြစ်လာသည်။ ဗိုလ်ချုပ်တို့ ကျဆုံးပြီးနောက် တက်လာကြသော ဗမာခေါင်းဆောင်များသည် ဗိုလ်ချုပ် ကဲ့သို့သော အမြော်အမြင်မကြီး တိုင်းရင်းသားများ၏ တန်းတူရည်တူ အခွင့်အရေးကိုလည်း အလေးမထားတောသဖြင့် လွတ်လပ်ရေး ရရှိတာနှင့်တပြိုင်နက် ပြည် တွင်းစစ်ကြီး စတင်တောက်လောင် လာပါတော့သည်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုရေးဆွဲသည့်အခါမှာ ပင်လုံတွင် သဘောတူညီစွာ ချုပ်ဆိုထားကြသော နိုင်ငံရေးအရ တန်းတူရည်တူ အခွင့်အရေး ရရှိရမည်ဟူသော ကတိကို အလေးမထားခြင်းသည် ၁၉၄၇ဖွဲ့စည်းအုပ်ချုပ်ပုံ၏ အားနည်းချက်ြဖစ်သည်။ အားနည်းများထဲတွင် အဓိကအချက်မှာ ဗမာလူမျိုးများအတွက် သီးခြားပြည်နယ် ဖွဲ့စည်းခြင်းမရှိဘဲ ပြည်ထေင်စုအစိုးရ နှင့်ပူးတွဲ၍နိုင်ငံတော် အဏာဟူသမျှကို ချုပ်ကိုင်ထားစေပြီး တိုင်းရင်းသား လူမျိုးများ အားလုံးကို ဗမာလူမျိုးများ၏လက်ဝယ်ခံ လူမျိုးများဖြစ်စေခြင်းသည် အဓိက အားနည်းချက်ဖြစ်သည်။ ဤနည်းဖြင့်ဗိုလ်ချုပ်တို့ကျဆုံးပြီးနောက် တက်လာကြသော ဗမာခေါင်းဆောင်များသည် ဤကဲ့သို့ ပင်လုံစာချုပ်ကို သစ္စာဖောက်ခဲ့ကြတယ်။ ဒါကြောင့်၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် နိုင်ငံအရ တန်းတူရေးကို အလေးမထားတော့ဘဲ ဗမာလူမျိုးများကို အဏာဟူသမျှ ပုံအောထားသဖြင့် တိုင်းရင်းသားလူမျိုးများသည် အုပ်ချုပ်ခံ လူမျိုးဘဝသို့ ကျရောက်စေခဲ့သည်။ လွတ်လပ်ရေး ရပြီးနောက် ခေါင်းဆောင်ဖြစ်လာကြသော ဗမာခေါင်းဆောင်များသည် တိုင်းရင်းသားပြသနာကို မဖြေရှင်းနိုင်ခဲ့သည့်အပြင် ခေါင်ဆောင်များအကြား အဏာလုကာ သဘောကွဲလွဲမှုများရှိလာပြီး ဖဆပလနှစ်ခြမ်းကွဲသွားသည့်အထိ ဖြစ်လာခဲ့သည်။ ဖဆပလ နှစ်ခြမ်းကွဲခြင်းသည်ဗိုလ်ချုပ်နေဝင်း အဏာသိမ်းရန်အတွက် လမ်းစဖွင့်ပေးသလိုဖြစ်လာစေသည်။ ဗမာခေါင်းဆောင်များ အကြားမပြေလည်မှုများရှိနေချိန်မှာ ပြည်တွင်း စစ်ကြီး လည်း တဝုန်းဝုန်းတောက်လောင်နေပြန်တယ်။ ဒီကြားမှာ တိုင်းရင်းများ တန်းတူအခွင့်အရေး ရရှိရေးသည်လည်း ဟိုလိုလို ဒီလိုလို...ရမလိုလို....မရမလိုလို ဖြစ်နေပြန်တယ်။ တန်းတူအခွင့်အရေး မရရင် တိုင်းရင်းသားများ ခွဲထွက်တော့မည်ဟူသော ကောလဟာလ သတင်းလည်းထွက်နေပြန်တယ်။ ထိုအကြောင်း အရာအားလုံးကို ထိုအချိန်က ကာကွယ်ရေးဝန်ကြီးဖြစ်သော ဗိုလ်နေဝင်း ကောင်းကောင်းသိထားသည်။ထိုအကြောင်းပြချက်များကို အကြောင်းပြု၍ ဗိုလ်နေဝင်းသည် နိုင်ငတော်အဏာကို လက်နက်အာကိုး နဲ့သိမ်းလိုက်ပါတော့သည်။ ဗိုလ်ချုပ်နေဝင်းသည် လိမ္မာပါးနပ်စွာ နိုင်ငံတော်ကြီး ပျက်စီးလုနီးမှာ ဝင်ပြီး ကယ်ကင်သွားသလို အခြေနေအားလုံး သိမ်းထိန်းထားကြောင်း အများပြည်သူထံ ရေဒီယိုမှ ကြေငြာလိုက်ပါသည်။ ဗိုလ်နေဝင်းသည် မတရားအဏာသိမ်းထားသည်ကို ဖုံးဖိရန် တော်လှန်ရေးကောင်းစီ ဟူသောအမည်နာမနှင့် မြန်မာနုင်ငံကို အုပ်ချုပ်ခဲ့သည်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ၁၉၇၄ ဖွဲ့စည်းပုံအခြေခုံဥပဒေကို သူစိတ်ကြိုက်ပြန်ရေးဆွဲ စေခဲ့တယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည်မှာ ဗိုလ်ချုပ်နေဝင်း အဏာသိမ်းပြီးနောက် သူ့စိတ်ကြိုက်ရေးဆွဲထားသော ဥပဒေကို ဆိုလိုသည်။ ထိုဥပဒေသည် ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေထက် အစပေါင်းများစွာ ဆိုးဝါးသည်။ နိုင်ငံရေးအဏာ (၃)ရပ်ဖြစ်သော ဥပဒေပြုအဏာ၊အုပ်ချုပ်ရေးအဏာ နှင့် တရားစီရင်ရေးအဏာ ဟူသမျှကို ဗမာလူမျိုးများအားပေးအပ်လိုက်သော အခြေခံဥပဒေဟုဆိုရမှာ ဖြစ်သည်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသား များသည် အထက်တွင် ဖော် ပြီးသော အဏာသုံးရပ်ကို လုံးဝဆုံးရှုံးသွားသည့်အပြင် ဗမာလူမျိုး၏ လက်အောက်သို့ လုံးဝဥဿုံ ကျရောက်စေခဲ့သည်။ တစ်ပါတီအဏာရှင်စနစ် ဖြစ်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ( မဆလ) နာမည်နှင့် ၁၉၇၄ ခုနှစ် မှ ၁၉၈၈ခုနှစ် အထိအုပ်ချုပ်ခဲ့ရာ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံကြီးဟူသော ဘွဲ့နာမကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိစေခဲ့သည်မှာ အားလုံးအသိ ပင်ဖြစ်သည်။ ၁၉၈၈ အရေးတော်ပုံကြီးကြောင့် မဆလပါတီ ချုပ်ငြိမ်းခဲ့ရသည်။ သို့သော်လည်း မဆလ ပါတီဆိုးကြီးက မွေးထုတ်ပေးသော စစ်အဏာရှင်များက (အဏာကို ဗိုလ်နေဝင်း က ၁၉၆၂ ခုနှစ်မှာသိမ်းခဲ့သလို)၁၉၈၈ မှာ နိုင်ငံတော်အဏာကို ပြန်သိမ်းခဲ့သည်။၁၉၉၀ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော်လည်း အဏာမလွဲပေးသည့်အပြင် နိုင်ငံရေးသမားများကို မတရားသဖြင့်ထောင်ချခဲ့သည်။ ဒီမိုကရေစီစနစ် ကျင့်သုံးသော တိုင်းပြည်မှာ ရွေးကောက်ပွဲကျင်းပခြင်း မှာ နိုင်ငံတော် အချုပ်အခြာအဏာမူလ ပိုင်ရှင်ဖြစ်သော ပြည်သူလူထုက မိမိတို့မွေးရာပါ အခွင့်အရေးအဖြစ် ပိုင်ဆိုင်ထားသော နိုင်ငံတော်အဏာကို မိမိတို့ ကိုယ်စား အသုံးပြုခွင့်ပေးထားသော ကိုယ်စားလှယ်များကို တရားဝင်ရွေးချယ်ခြင်းပင်ဖြစ်သည်။

တိုင်းပြည်တစ်ပြည်မှာ အဏာသည် ပြည်သူလူထုထံ မှ ဆင်းသက် ရမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင်မူ အဏာသည် စစ်တပ်မှ ဆင်းသက်နေသည်မှာ မျက်ဝါးထင်ထင် တွေ့ရမည်ဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်တပ်မှ ရွေးကောက်ပွဲဝင်ပြိုင်စရာ မလိုဘဲ ၂၅ ရာခိုင်နှုန်းသော အဏာကို အလိုလိုယူထားခြင်းသည် အလွန်ဆိုးဝါးသော အချက်ဖြစ်သည်။ အမျိုးသား ညီလာခံတလျှောက်ပြန်ကြည့်လျှင် စစ်တပ်က ကြပ်မတ်ပြီး ရေးဆွဲ ထားသော ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည့် အတွက် စစ်အဏာရှင်စနစ်ကို အကာအကွယ် ပေးထားသော ဥပဒေ ဖြစ်နေသည်။

တိုင်းရင်းသားခေါင်းဆောင်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တို့ အဆိုပြုတင်သွင်းထားသော အဆိုပြုချက်များကို လက်ခံခြင်းမရှိဘဲ ပယ်ချခဲ့သည်။ စစ်အစိုးရပြုလုပ်ရေးဆွဲသော ဖွဲ့စည်းပုံအခြေခံဥပဒေသည် အရှေ့ဘက်မှာ အခွင့်အရေးပေး သယောင် နှင့် အနောက်ဘက် တွင် ပြန်ပိတ်
ထားသည်ကို တွေ့ရှိရပါသည်။ ညဏ်နီညဏ်နက်များနှင့်ရေးဆွဲထားသော ဥပဒေဖြစ်သည့်အတွက် အနှစ် ၁၄ နှစ်ကျော်ကြာခဲ့ခြင်းဖြစ်သည်။ စစ်တပ်က နိုင်ငံရေး ပါတီထောင်သည် ဆိုသည်မှာလည်း အလွန်ထူးဆန်း လှပါသည်။ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကို တည်ထောင်ခဲ့ခြင်းသည် စစ်အဏာရှင်စနစ်ကို အကာ အကွယ်ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်မှာ ငြင်းစရာမလိုပေ။ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ရည်ရွယ်ချက်ရှိရှိ တည်ထောင်ခဲ့သည်မှာ သေချာပါသည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကို ဖျက်သိမ်းသည်ဟု စစ်အစိုးရက ကြေငြာသည်မှာ အလွန်ရယ်စရာကောင်းပါသည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းကို နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံ တင်ထားပြီး ဖြစ်လို့ပါ။ ၂၀၀၈ ဖွဲ့စည်ပုံအခြေခံဥပဒေတွင် စစ်တပ်က ရွေးကောက်ပွဲ၌ ဝင်ပြိုင်စရာ မလိုဘဲ၂၅ ရာခိုင်နှုန်း သော နေရာကို အလိုလို ရယူထားပြီးဖြစ်သည်။ ၂၀၁၀ရွေးကောက်ပွဲမှာလည်း စစ်အစိုးရ၏ အလိုတော်ရိပါတီများနှင့် စစ်အစိုးရတည်ထောင်ထားသော ပါတီတို့ ဝင်ပြိုင်ကြမှာ ဖြစ်ရာ ၇၀ ရာခိုင်နှုန်းသောနေရာကို ယူထားမှာ သေချာသလောက် ရှိနေပြန်သည်။ ကျန် ၅ ရာခိုင်နှုန်း နေရာ ကို ဟိုမရောက် ဒီမရောက် ဟိုဘက်မပါ ဒီဘက်မပါ ပါတီများက ရယူနိုင်ချေရှိသည်။ လွတ်တော်၌ ဘာမျှမပြောရဲ မဆိုရဲသော လွတ်တော်အမတ်များသာ ဖြစ်ကြပါတော့မည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည်ဟု ပါတီမှတ်တင်ထား ကတည်းက ကတိကဝတ်ပေးပြီး ဖြစ်သည့်အတွက် ပါးစပ်တောင် မဟရဲတော့သော ဘဝရောက်သွား နိုင်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကဲ့သို့ စစ်အဏာရှင်အစိုးရကို အာခံရဲသော ပါတီများမရှိဘဲ စစ်အစိုးရ အလိုကိုသာ လိုက်ပေးနေသော ပါတီများသာ မှိုလိုပေါက်နေခြင်းသည် ရင်လေးစရာ မတွေးရဲစရာ ဖြစ်သည်။ ရွေးကောက်ပွဲဝင်ပြိုင်ရန် ပါတီမှတ်ပုံတင်ခြင်းအားဖြင့်လည်း၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အလိုအလျှောက် အတည်ပြုပေးသလိုဖြစ်သည်။ မြန်မာစစ်အစိုးရ၏ နိုင်ငံရေး နည်းဗျူဟာသည် လိုရင်အနုနည်း ကိုသုးံပြီး မလိုရင်အကြမ်းနည်းကို သုံးလျှက် ရှိသည်။မပြောပလောက်သော အခွင့်အရေးကိုပေးကာ ချောတလှည့် ခြောက်တလှည့်နှင့် ဆက်ဆံတတ်သည်။ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်ကို ယနေ့တိုင်မကြေငြာခြင်းသည် စစ်အစိုးရ၏ အကွက်ဆင်မှု သာဖြစ်သည်။

ကျွန်နုပ်တို့ချင်းပြည်နယ်မှာလည်း ချင်းနိုင်ငံရေးပါတီ ၄၊၅ခု ရှိလာသည်။ ချင်းပါတီအချင်းချင်း စည်းလုံးညီညွတ်မှု တည်ဆောက်ရန် အလွန်အရေးကြီးလှပါသည်။ ချင်းပါတီအချင်းချင်း မပုတ်ခတ်သင့်ပါ။ ပါတီအချင်းချင်း ဝိုင်းဝန်းကူရန် လိုအပ်လှပါသည်။ ဗမာပါတီများက ချင်းပါတီ အချင်းချင်း စိတ်ဝမ်းကွဲအောင် နည်းအမျိုးမျိုး နှင့်လုပ်လာနိုင်သည်။ အထူးသတိပြုရန် လိုအပ်လှပါသည်။ချင်းလူမျိုးများအားလုံး ချင်းနိုင်ငံရေး ပါတီများ ကိုသာ မဲထည့်သင့်သည်။ ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကို မဲ ပေးလျှင် ဗမာလူမျိုးကို အားပေးအားထားရာ ရောက်မည်။ ကိုယ့်လူမျိုး ကို တကယ်ချစ်မြတ်
နိုးလျှင် ချင်းလူမျိုးဘက်က ရပ်တည်ရန် အရေးကြီးသည်။


လစောတောင်ပေါ်သား